Showing posts with label အိုင်တီဟာသ. Show all posts
Showing posts with label အိုင်တီဟာသ. Show all posts

Saturday, June 7, 2014

ဝမ်းနည်းပါတယ်ရှင်

ဝမ်းနည်းပါတယ်ရှင်
- မာဂျေ
“သြော်.. မြန်မာ့ ဆက်သွယ်ရေး၊ မြန်မာ့ ဆက်သွယ်ရေး၊ ဘာတွေလုပ်နေမှန်းကို မသိတော့ဘူး။ မနေ့က တပည့် မောင်ကျော်သီဟ (ဟင်္သာတ)ဆီကို ဖုန်းဆက်လိုက်တော့ လက်ကိုင်ဖုန်းမှာ “၀မ်းနည်းပါတယ်ရှင်”ဆိုတဲ့ အသံထွက်လာလို့ ငါ့တပည့်ကြီး ဘာများဖြစ်သလဲ၊ နေပြည်တော် အမြန်လမ်းက ခရီးသွားတယ်လည်း မကြားမိပါဘူး။ အခုရက်က မိုးရွာနေတော့ အရက် သောက်တာများပြီး ဦးနှောက်သွေးကြောလည်း မပြတ်လောက်ပါဘူးလို့ စိတ်ထင့်ရင်း ဆက်နားထောင်မှ လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်၊ ကျေးဇူးပြု၍ ပြန်လည်ခေါ်ဆိုပါရှင်”ဆိုတဲ့ အသံထွက်လာမှ မြန်မာ့ ဆက်သွယ်ရေးရဲ့ ယဉ်ကျေးလိမ္မာ အစီအစဉ်ဆိုတာ သိလိုက်ရတော့တယ်။
မြန်မာ့ ဆက်သွယ်ရေးနဲ့ ပတ်သက်ရင် ပြောစရာက အတော်များသား၊ ဒါပေမဲ့ မြန်မာ့ ဆက်သွယ်ရေးရဲ့ ၀န်ဆောင်မှု ညံ့ဖျင်းတာကို အကာအကွယ်ယူပြီး အနေအစား ချောင်နေသူတွေ ကလည်း မာဂျေတို့ အပါအ၀င် အများကြီးဗျ။ ဥပမာဗျာ အိပ်ယာထ နောက်ကျပြီး ချိန်းဆိုထားတာ နောက်ကျနေပေမယ့် ဖုန်းဆက်မေးရင် ရွှေဂုံတိုင် မီးပွိုင့်ရောက်နေပြီလို့ ဖြေနိုင်တာမျိုးကို ဘယ်သူက မဟုတ်ဘူး ပြောရဲမှာလဲ။ တယ်လီနောဆိုရင် ဗီဒီယို စနစ် စမ်းသပ် အောင်မြင်ပြီ ကြေညာထားတယ်။ တကယ်လို့ တယ်လီနော ဖုန်းသာသုံးနိုင်တဲ့ အချိန်ဆိုရင် ရွှေဂုံတိုင်မှာဆိုပြီး ညာလို့ဘယ်ရမလဲ။ ကိုယ့်လမ်းထိပ်က မြောက်ဥက္ကလာ မယ်လမုဘုရားကြီးပဲ ပေါ်နေရင် အလုပ်ပါ တစ်ခါတည်း ပြုတ်မှာ။
အဲဒီလိုပဲ အူရီဒူးကလည်း 3Gစနစ်သုံးမယ်။ ရန်ကုန်နဲ့ မန္တလေးမှာ စမ်းသပ် အောင်မြင်နေပြီ။ အခု နေပြည်တော်မှာ စက်တွေတပ်ရင်း စမ်းသပ်နေသတဲ့။ ဒီဖုန်းလည်း သုံးလို့ အဆင်ပြေမှာ မဟုတ်ဘူး။ 3Gဆိုတာက ဆက်သွယ်မှု ကြည်လင်ပြီး ပြောရခေါ်ရ အရမ်းလွယ်သတဲ့။ ဒါဆိုရင် တစ်ဖက်ကို ပြန်မပြောချင်တာနဲ့၊ ကောင်းကောင်းလည်း ကြားနေပါလျက် ဟဲလို၊ ဟဲလို ဘာမှမကြားရဘူး ခင်ဗျ ဆိုပြီး ဖုန်းချပစ်တာတွေ လုပ်လို့ရမှာ မဟုတ်တော့ဘူး။ ဆက်သွယ်မှု ဧရိယာပြင်ပလည်း ရောက်မှာ မဟုတ်သလို ကြည်လင်ပြတ်သားပြီး နောက်က ကာရာအိုကေမယ်လေးတွေရဲ့ အသံ၊ အနှိပ်သမလေး တွေရဲ့ အသံပါ တစ်ဖက်က ကြားသွားရင် ဒုက္ခများသွားနိုင်တယ်။ ဒါကြောင့် အဲဒီဖုန်းတွေပေါ်လည်း မာဂျေတို့က မသုံးရေးချ မသုံးပဲ။ မြန်မာ့ဆက်သွယ်ရေးကိုပဲ အားပေးမယ်ဆိုတာ ဒီနေရာက တိုင်းသိပြည်သိ ကြေညာမောင်းခတ်လိုက်ပါတယ်။ မြန်မာ့ ဆက်သွယ်ရေးက မကောင်းဘူး။ ငါတို့ကတော့ တယ်လီနောနဲ့ အူရီဒူးကိုပဲ အားပေးမယ်ဆိုတဲ့သူတွေ အဲဒီအချိန်ကျမှ ဒူးနဲ့မျက်ရည် သုတ်နေကြရမှာ မြင်ယောင်သေးတယ်။ တယ်လီဖုန်း ဆက်သွယ်ရေး စနစ် ကောင်းမွန်မှုကြောင့် ရန်ဖြစ်ရမယ့် လင်မယားတွေ၊ တရားရုံးတက်ပြီး ကွဲကြရမယ့် လင်မယားတွေ ပေါ်လာဦးမှာ အသေအချာပေါ့ဗျာ။
သေသေချာချာ စဉ်းစားကြည့်ရင် မြန်မာ့ဆက်သွယ်ရေးရဲ့ ကောင်းမွန်တဲ့ ၀န်ဆောင်မှုကရှိပြီး သားပါဗျ။ မပျက်မကွက် ဆောင်ရွက်ပေးနေတဲ့ ၀န်ဆောင်မှု တစ်ခုကို ပြောပြရရင်တော့ သင့်မှာ ငွေလက်ကျန် ၂၀၀ ကျပ်အောက် လျော့နေပါပြီ။ အမြန်ပြန် ငွေဖြည့်ပါလို့ ဘိုလိုမတ်စိ ပို့တယ်ဗျာ။ ငွေ ၂၀၀ အောက်မှာ ဖုန်းခေါ်မိရင် အဲဒီအဓိပ္ပာယ်ရတဲ့ ဘိုမသံနဲ့ ပြောတယ်ဗျာ။ ဒီတော့ မကောင်းပေလား။ ငါ့မှာ ငွေလက်ကျန်နည်း နေပြီဆိုပြီး ကိုယ်ဆက်ချင်တဲ့ ဖုန်းကို အပျော်မယ်လေးတွေ လုပ်သလို မစ်စ်ကော (Miss Call)ပဲ ပို့လို့ မရပေလား။ အဲဒီဝန်ဆောင်မှုသာ မရှိရင် ကိုယ့်မှာ ငွေဘယ်လောက် ကျန်မှန်းမသိ၊ ဘုမသိ ဘမသိနဲ့ တွန်းဆက်နေရင်း ဆက်ရင်း လိုင်းပြတ်မသွားပေလား။ ဒါတွေက ခေါ်ဆိုမှုနဲ့ ပတ်သက်ပြီး အားသာချက်တွေ။ ဒီလိုပဲ အင်တာနက် ကွန်နက်ရှင် နှေးတာလေးကလည်း ကြံဖန်တွေးရင် ကိုယ့်အတွက် သက်သာရာ သက်သာကြောင်းဗျ။ တစ်လောက နေပြည်တော် ရုံးတစ်ရုံးကနေ မာဂျေဆီကို အီးမေးလ်ကနေ ဖိုင်တွေ ပို့လိုက်တယ်။ အဲဒီဖိုင်တွေကို ဒေါင်းပြီး သေသေချာချာ လေ့လာ။ ပြီးရင် သူတို့ဆီက ဆွေးနွေးပွဲမှာ ဆွေးနွေးပေးဖို့ မာဂျေက ပျင်းတော့ နေပြည်တော်ကို ဖုန်းလှမ်းဆက်လိုက်တယ်။ အီးမေးလ်တော့ ရတယ်။ ဖိုင်ဆိုက်က ကြီးတော့ ဒေါင်းလို့မရဘူး။ ဒီတော့ ဆွေးနွေးစရာလည်း ဘာမှမရှိတော့လို့ မလာတော့ဘူးနော်ဆိုပြီး။ အမှန်ကတော့ နေပြည်တော်လမ်းကို မသွားရဲတာလည်း ပါတာပေါ့ဗျာ။ အဲဒီလိုလည်း ကြံဖန်ပြီး ကောင်းကွက်လေးတွေ ရှာလို့ရပါတယ်ခင်ဗျ။
လူတွေက ကိုယ်က မကောင်းတာ။ တစ်သက်လုံး မြန်မာ့ ဆက်သွယ်ရေးနဲ့ပဲ နှစ်ပါးဂဟေ ဆက်လာပြီး အခုမှ ဂဏန်းပေါင်း မြင်လို့ ငါးကင်ကို ပစ်ချနေကြတာ။ အခုမှ အင်တာနက် ကွန်နက်ရှင် နှေးတယ်တို့၊ ခေါ်ရတာ ခက်တယ်တို့ ပြောနေရင်း ပြုတ်ပြုတ်ကျသွားလို့ အလုပ်တစ်ခုပြီးဖို့ လေးခါလောက် ခေါ်ရတယ်တို့နဲ့ လျှောက်ပြောနေကြတယ်။ အဲဒီလူတွေကို မေးချင်တယ်။ တစ်သက်လုံး ဒီလို ဖြစ်နေတာကို အခုအားကိုး နှစ်ခု ရှိလာတော့မယ် သေချာမှ ဘာလို့ ပြောနေကြတာလဲလို့။ ဒါပေသိ မြန်မာ့ ဆက်သွယ်ရေးရေ အားမငယ်ပါနဲ့။ ဘုရားနဲ့ အယူဝါဒ ပြိုင်တဲ့ ဆရာကြီး တစ်ယောက် ပြောသလိုပေါ့။ လောကမှာ လူကောင်းနဲ့ လူဆိုး ဘယ်သူများသလဲလို့ သူ့တပည့်တွေကို မေးတယ်။ လူဆိုးတွေက များတာပေါ့ ဆရာကြီးရယ် ဆိုပြီး ဖြေတော့ ဆရာကြီးက အေးလူကောင်းတွေက ဗုဒ္ဓဆီ သွားလိမ့်မယ်။ လူဆိုးတွေက ငါ့ဆီလာ လိမ့်မယ်တဲ့။ အဲဒီ စကားညွှန်းရရင် တယ်လီဖုန်း သုံးနေတဲ့ အထဲမှာ မာဂျေတို့လို ဟိုလိမ်ဒီလိမ်ချင်တဲ့ လူဆိုးတွေက မြန်မာ့ ဆက်သွယ်ရေးက ဖုန်းပဲ ဆက်သုံးကြမှာပါ။ တယ်လီဖုန်း ဆက်သွယ်ရေး စနစ် ပိုကောင်းအောင်လည်း လုပ်မနေပါနဲ့။ အင်တာနက် ကွန်နက်ရှင် ကောင်းအောင်လည်း ငွေတွေ နိုင်ငံခြားပေးပြီး အင်တာနေရှင်နယ် ဂိတ်ဝေးတွေ ချဲ့မနေပါနဲ့။ တယ်လီဖုန်းက ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်နေရင်လည်း ၀မ်းနည်းပါတယ်ရှင် လုပ်နေစရာ မလိုတော့ပါဘူး။ မြန်မာ့ ဆက်သွယ်ရေးက ဖုန်းကိုပဲ သုံးကြဦးမှာပါ။ လောကကြီးမှာ လူဆိုးတွေက အများသားကိုးဗျ။
.... ဟာ ဟာ ဟ။
- မာဂျေ

Saturday, December 29, 2012

ဝမ်းသာရမှာလား..........၀မ်းနည်းရမှာလား

ဝမ်းသာရမှာလား..........၀မ်းနည်းရမှာလား


မထသအထူးကားတွေမှာ ဒရိုင်ဘာဖုန်းတစ်လုံး၊ စပယ်ယာဖုန်းတစ်လုံးတွေနဲ့ အဆင်ပြေနေကြပြီ။
နေ့တိုင်းလိုလို ကြားရတာက-

““ဟလို.. အေး... ဘယ်နှစ်မိနစ်ခြားလဲ။ ပါလာပြီလား။ ဟုတ်တယ်။ အဲ့ကောင်မီးပွိုင့်မှာကျန်ခဲ့ တယ်။ မှတ်တိုင်ကထွက်သွားပြီလား။ ၁၅ မိနစ် ဟုတ်လား။ မောင်း... ဆရာရေ... နောက်ကကောင် ပါလာပြီ””

ကဲ... အဆင်ကိုပြေလို့.... မှတ်တိုင်တွေမှာ ကားဆိုက်တဲ့အချိန်မှတ်သူတွေကလည်း ဖုန်းကိုယ်စီနဲ့။

ဟိုတလောတုန်းက အလုခံရတဲ့အထဲဖုန်းကလေးပါသွားလေတော့ ဆက်သွယ်မှုတွေကပြတ်။
အရေးကြီးရင် ဘေးကဘော်ဒါဖုန်းယူယူဆက်ရ။ တစ်နေ့က မြို့ထဲဆင်းတော့ မထသကားပေါ်မှာ။
ဖုန်းဆက်စရာတစ်ခုရှိလို့ ဘေးကဘော်ဒါဆီက ဖုန်းတောင်းမိတယ်။ ပြဿနာပဲ။ သူ့ဖုန်းမှာ
ငွေလက်ကျန် ၁၂ ကျပ်ဆိုလား။ ဒါဆိုလည်းနေတော့..လို့။ မှတ်တိုင်ရောက်မှဆက်မယ်ပေါ့။

နားစွန်နားဖျားကြားတဲ့ ငွေကောက်စပယ်ယာက လက်ထဲကဖုန်းကိုလှမ်းထိုးပေးတယ်။
““ဆက်လေ”” တဲ့။

ခွီးခွီး..... ရီရမလို.. ငိုရမလို... အဖြစ်က။




အဘဥက္ကာကိုကို facebook မှ

Saturday, November 24, 2012

မန်းလေးက ဖုန်းလေလံပွဲ...။

မန်းလေးက ဖုန်းလေလံပွဲ...။
နှစ်သိန်းပဲ တန်တဲ့ ဖုန်း (ဖုန်းနံပါတ် ၀၉-၄၀၄၄၄၄၄၄၄ ) ကို
၄၇ သိန်းတောင်ပေးဝယ်တယ်ဆိုတော့ အံ့သြမိတာပေါ့။
လေလံအောင်တဲ့ သူကိုလဲ တော်တော်ရူးတာပဲလို့ တွေးမိတယ်။
ဘယ်လိုလူကြီးလဲ ... တွေးရသိပ်ခက်တာပဲ... ပေါ့။
ဟုတ်တယ်လေ.. ဒီနံပါတ်လေးရဖို့ ၄၅ သိန်းလောက် အပိုဆောင်းပြီးဝယ်တာ ရူးနေတာပဲဖြစ်မှာပေါ့။
လားးးး....လားးးးး.....
ဘယ်ဟုတ်မလဲ။
သူက ရူးတာ မဟုတ်ဘဲ.. အကြံကြီး ကြံ သွားတာပါ့လား။
ဈေးအများဆုံး လေလံပေးတဲ့လူကို i phone 5 လက်ဆောင်ပေးမယ်ဆိုတာ ကိုယ်မှ မသိလိုက်တာကိုး။
ဈေးအများဆုံးပေးတယ်လေ။ ၄၇ သိန်းတောင်။
ပြီးတော့ i phone 5 ကို လက်ဆောင်ယူသွားတယ်လေ။
နောက်နေ့ကျတော့ ကိုယ်ဝယ်ထားတဲ့ဖုန်းကို ပိုက်ဆံပေးပြီးသွားမယူဘူးလေ။
လျှောက်လွှာဖိုး ၅ သောင်းအကုန်ခံပြီး လေလံပွဲကို လေနဲ့ ၀င်ပြိုင်လိုက်တယ်။
၄၇ သိန်းကို လေ ပေး ပေးပြီး i phone 5 ကို တကယ်ကြီး ယူချသွားတာ။
အဲဒီတော့ .. ငါးသောင်းထဲနဲ့ i phone 5 တစ်လုံးရတာပေါ့။
သြော်... ဒီလူက ရူးချင်ယောင်ဆောင်ပြီး မြန်မာ့ဆက်သွယ်ရေးကို ပညာပေးသွားတာပါ့လားလို့ အံ့သြနေရကြောင်းပါ။
by Linn Yaung

တကယ် “အ“ တာ ဘယ်သူလဲ ...

တကယ် “အ“ တာ ဘယ်သူလဲ ...
-------------------------

SE : သူလဲ ဖုန်းဝယ်လိုက်တယ်။
LY : အင်.. ဘယ်သူလဲ.. ဘာဖုန်းလဲ။
ှ
SE : “.....” လေ..။ ရန်ကုန်လေလံပွဲမှာ နံပါတ် 09---999999 ကို လေလံရတာ။
LY : ဟုတ်လား။ ဘယ်လောက်နဲ့ ရလဲ။

SE : ၃၅ သိန်းနဲ့ ရတာ။
LY : ဟားဟား.. မိုက်တယ်.. အဲဒီနံပါတ်ကို လှမ်းခေါ်ပြီး “အရူးကြီး..ငအကြီး” လို့ လှမ်းခေါ်လိုက်ဦးမယ်.. ရူးနေလို့ ၀ယ်တာလားလို့ နောက်လိုက်ဦးမယ်။

SE : သွားမပြောနဲ့..။ နင့်ကိုတောင် သောက်အကြီး.. ငပေါကြီးလို့ ပြန်ခေါ်သွားဦးမယ်။
LY : အမ်.. ဘာဖြစ်လို့လဲ..။

SE : အခု အဲဒီဖုန်းကို ဆယ်သိန်း အမြတ်ပေးပြီး လာဝယ်နေပြီလေ။
အဲဒါတောင် တစ်ရက်ပဲ ရှိသေးတယ်။
LY : တိန် !!!
by Linn Yaung

Friday, October 19, 2012

မြန်မာဆိုတာ ...ဒါမျိုး

မြန်မာဆိုတာ ...ဒါမျိုး     ရေးသူ လင်းရောင် (ဖွဘွတ် ငပေါ)
----------------

တွေးကြည့်တိုင်း ပြုံးစရာကောင်းသော အဖြစ်အပျက်လေး ပြောပြချင်သည်။
စိတ်ကြည်နူးစရာကောင်းသလို အံ့သြစရာလည်းကောင်းသည်။
ပြီးတော့ ဒီအဖြစ်အပျက်က Update လည်းဖြစ်သည်။
နန်းခင်ဇေယျာနှင့် ပတ်သတ်လေသည်။

ကျွန်တော့်တွင် ကိုယ်ပိုင်အလုပ်ရှိပါသည်။
သို့သော် အလုပ်ပါးရက် နားရက် ညများတွင် မိတ်ဆွေတစ်ယောက်၏ အလုပ်အား အချိန်ပိုင်းအဖြစ်သွားလုပ်ပေးတတ်၏။
အပိုဝင်ငွေရသလို ပညာလည်း ရသောကြောင့်ဖြစ်သည်။
ဘယ်ရွှေ့ဘယ်မျှဟု အချိန်နှင့် လုပ်အားခကို သတ်မှတ်ထားခြင်းမဟုတ်။
သူအလုပ်မနိုင်သည့် အခါများတွင် ကျွန်တော့်ကို လာခေါ်တတ်ပြီး ကျွန်တော်အလုပ်အားသည့်အခါများတွင်လည်း သူခေါ်ခေါ် မခေါ်ခေါ်သွားလုပ်ပေးတတ်သည်။
နားလည်မှုနှင့် အလုပ်လုပ်သည်ပဲ ဆိုပါတော့။
ကျွန်တော်က ၄င်းအလုပ်တွင် ဂရပ်ဖစ်ဒီဇိုင်းများဆွဲပေးရသည်။
ဆေးရိုက်သည့် လုပ်ငန်းဖြစ်သည်။

ယင်းအလုပ်တွင် မြန်မာကောင်လေးတစ်ယောက်ရှိသည်။
ရှားရှားပါးပါး သူတစ်ယောက်သာ မြန်မာပါ ပါသည်။
အသက်က ၂၄ နှစ်ဝန်းကျင်လောက်ရှိပြီး ကျွန်တော်သူ့ကို ကိုမင်းဟု ခေါ်သည်။ သူ ကျွန်တော့်ကို ကိုလင်းဟုခေါ်သည်။
မြန်မာချင်းမို့ ကျွန်တော်အလုပ်လာလုပ်သည့် ညများတွင် သူ အလွန်ပျော်သည်။ ကျွန်တော်က သူ့ကို ဒီဇိုင်းပညာလေး နည်းနည်းပါးပါးသင်ပေးတတ်တာလည်းပါသည်။ သူ့အလုပ်ပါးချိန်တွင် ကျွန်တော်အလုပ်လုပ်သည့် အနားတွင် လာထိုင်ပြီး စကားပြောရင်း ပညာသင်တတ်သည်။

ယမန်နေ့ညက ကျွန်တော် ထိုအလုပ်သို့ရောက်သောအခါ ထုံးစံအတိုင်း ကျွန်တော့်နားမှာ လာထိုင်သည်။ ပြီးတော့ သူ ကျွန်တော့်ကို ပြောသည်။

“ကိုလင်း နန်းခင်ဇေယျာ ဘယ်လောက်ရသွားပြီလဲ ကြည့်ပေးပါ”
ကျွန်တော် အံ့သြသွားသည်။
ဘာဖြစ်လို့လဲဟု ပြန်မေးသောအခါ...စပ်ဖြဲဖြဲဖြင့် ပြန်ပြောသည်။
“စိတ်မချလို့”
“ဘာ...”
ကျွန်တော် ရယ်ချင်သွားသည်။
“မင်းက ဘာကို စိတ်မချတာလဲ ”
“တခြားမယ်တွေ သူ့ကို ကျော်သွားမှာစိုးလို့ဗျ.. ကျွန်တော် ဒီနေ့တစ်နေ့လုံး သူ့ကို ထိုင်ကလစ်နေတာ... မနက်မိုးလင်းကတည်းကပဲ... ဒီနေ့ အလုပ်တောင် လာချင်တာမဟုတ်ဘူး...“

ကျွန်တော် သူပြောချင်သည်ကို သဘောပေါက်ပါသည်။
သူက အလုပ်တွင် ကွန်ပျူတာ သုံးခွင့်ရသူမဟုတ်။
အလုပ်လာသည့်အခါ သူ့ကွန်ပျူတာကို အိမ်တွင်သာထားခဲ့ရသည်။
ကျွန်တော် နားမလည်သည်က ဘာဖြစ်လို့ နန်းခင်ဇေယျာကို အသည်းအမဲဖြစ်နေသလဲ ဆိုတာ ဖြစ်သည်။

“မင်းကလည်းကွာ.....စိတ်ထဲမှာ အဲလောက်မထားနဲ့လေ.. မင်း မဗုတ်လဲ သူများတွေ ဗုတ်ပါလိမ့်မယ်။ ပြီးတော့ သူများမယ်တွေ ကျော်သွားတော့ကော ဘာဖြစ်လဲ .. ဒါပြိုင်ပွဲပဲ ဥစ္စာကို ”

သူ ကျွန်တော့်ကို မျက်နှာထားတည်တည်ဖြင့် ပြောသည်။
“ကိုလင်း.. ကျွန်တော်သူ့ကို ကလစ်နေတာ ဒီနေ့မှ မဟုတ်ဘူး.. နှစ်ရက်ရှိပြီ. ကျွန်တော် ကလစ်တာတောင် မရှိဘူးဆို အနည်းဆုံး အချက် တစ်သောင်းလောက်တော့ရှိမယ်.. ကိုယ့်မြန်မာ ထိပ်ဆုံးမှာ ရောက်နေတာမြင်တော့ ကျွန်တော် အရမ်းပျော်တယ်..
အခုအချိန်ရောက်မှ သူများက ကပ်နိုင်သွားရင် ကျွန်တော် နှစ်ရက်လုံးလုံး နှိပ်ခဲ့တာတွေ အလကားဖြစ်သွားမှာပေါ့.. သူဆုရရင်ကောင်းမှာပဲဗျာ.. မစ်စ်အင်တာနေရှင်နယ် မရနိုင်မှန်းသိပေမယ့် မစ်စ်အင်တာနက်လေးတော့ ရစေချင်တယ်.. ကိုလင်းကကော မရစေချင်လို့လား...”
သူ ကျွန်တော့်ကို မေးသည်။

ရုတ်တရက် ကျွန်တော် ဘာပြန်ပြောရမှန်း မသိ။
သူ့မျက်နှာကို ကြည့်ရတာ တကယ်မျှော်လင့်ချက်အပြည့်နှင့် ပြောနေတာမှန်း သိသာလွန်းသည်။ ယခင်လို ပြောင်တောင်တောင် နောက်တောက်တောက် အမူအရာမရှိ။ တည်ကြည်သော မျက်ဝန်းများကို တွေ့ရသည်။

စိတ်ထဲမှာ တော်တော် ကျေနပ်သွားသည်။
ဘာပဲဖြစ်ဖြစ် ဘယ်နေရာပဲရောက်ရောက် ကိုယ့်လူမျိုးကို ချစ်ခင်အားပေးသောစိတ်ကလေးကို တွေ့ရသောကြောင့်ဖြစ်သည်။
နန်းခင်ဇေယျာ ဆုရခြင်း မရခြင်းသည် တကယ်တော့ ကျွန်တော်တို့လက်တွေ့ဘ၀များတွင် ဘာအကျိုးသက်ရောက်မှုမှ မရှိပါ။
မြန်မာ နိုင်တယ်ကွ..ဆိုသည့် ဂုဏ်ဒြပ်တစ်ခုမျှသာ ဖြစ်ပါသည်။

ယခင်က နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် နိုင်ငံတကာပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်သော နန်းခင်ဇေယျာအတွက် ကျွန်တော်လည်း မြန်မာတစ်ယောက်အဖြစ် ဂုဏ်ယူခဲ့ပါသည်။ ယခုတော့ နန်းခင်ဇေယျာထက် ပိုမို ဂုဏ်ယူစရာကောင်းသည်မှာ သူမကို အားပေးသော ကမ္ဘာတစ်ဝှမ်းရှိ မြန်မာများဖြစ်လာသည်။
စည်းလုံးမှု၊ ချစ်ခင်ရင်းနှီးမှုနှင့် အားတက်သရော ထောက်ခံမှုများသည် နိုင်ငံချစ်စိတ်၏ အခြေခံအုတ်မြစ်များ ဖြစ်ပါသည်။
သူတို့သည် နန်းခင်ဇေယျာထက် မြန်မာဆိုသည့် အမည်ကို ပိုချစ်သူများဖြစ်ပါသည်။
မြန်မာနိုင်သည်..ဟူသော ဂုဏ်ဒြပ်လေးတစ်ခုအတွက် ယခုလောက်တောင် ချစ်ကြည်စည်းလုံးနိုင်သည်ဆိုလျှင် အမျိုးဘာသာ သာသနာမပျောက်ပျက်ဖို့အတွက်တော့ ပို၍ပင် စည်းလုံးပါလိမ့်မည်။
မည်သည့် အားနည်းချက်များ ရှိသည်ဖြစ်စေ....
မြန်မာလူမျိုးဟူသည် အရေးကြီးလျှင် သွေးစည်း သွေးနှီးတတ်ကြသည်မှာ တကယ်ပင် ဂုဏ်ယူစရာဖြစ်ပါသည်။ ကျေနပ်စရာဖြစ်သည်။

ထို့နောက် ကျွန်တော် နန်းခင်ဇေယျာလင့်ခ်ကို ဖွင့်ပြသည်။
အခြားမယ်များထက် နှာတစ်ဖျား သာလွန်နေဆဲ။
သို့သော် နေ့ခင်းကလို စက္ကန့်ပိုင်းမှာ ဗုတ်များ ထောင်ချီတက်သည်တော့ မဟုတ်။ လေးရာ ..ငါးရာလောက်သာ တတ်တော့သည်။ ကိုယ်ရွှေကိုယ်မျိုးများ အိပ်နေပီထင်သည်။

သူ မော်နီတာကို ကျေနပ်စွာကြည့်ပြီး ပြုံးဖြဲဖြဲဖြင့် ပြောသည်။
“ သိလား..ကိုလင်း... ကျွန်တော့်မိန်းမကိုလည်း ငါ့ကိုချစ်ရင် မအိပ်နဲ့....ဒီလင့်ခ်ကို ဖွင့်ပြီး ကလစ်နေလို့ ...မှာခဲ့တယ်”

“ဟင် ...မင်းမိန်းမက ကွန်ပျူတာ မသုံးတတ်ဘူးဆို ”
“ဟုတ်တယ်လေ...ဒါပေမယ့် ဘယ်လို လုပ်ရမယ်ဆိုတာ သင်ပေးခဲ့တယ် ... ခက်တာမှ မဟုတ်တာ... ဒါလေးဖွင့်လိုက် ... ကလစ်လိုက်... ပြန်ပိတ်လိုက်... ပြတ်ဖွင့်လိုက်ဆိုပြီး ပြခဲ့တာ...”

“သြော်... အေးအေး ကောင်းပါတယ်ကွာ ...ဟားဟား...”
ကျွန်တော် သဘောကျစွာဖြင့် အော်ကြီးဟစ်ကျယ် ရယ်သည်။
တစ်ညလုံး ထိုင်ကလစ်နေမည့် သူ့မိန်းမကို မြင်ယောင်မိ၍ဖြစ်သည်။
တကယ်တော့ သူမိန်းမလေးက မြန်မာမဟုတ်။
အင်ဒိုနီးရှားမလေး ဖြစ်လေသည်။

ခပ်တုံးတုံး..ခပ်အအ ရှိသော အင်ဒိုနီးရှားမလေးသည် သူတို့နိုင်ငံက မစ်စ်အင်ဒိုနီးရှားလည်း ပြိုင်ပွဲဝင်ကြောင်း သိတောင် သိမည်မဟုတ်ပါ။
ယောကျာ်းလုပ်သူ ခိုင်းသည့်အတိုင်း မစ်စ်မြန်မာကိုသာ တစ်ညလုံး ထိုင်ကလစ်နေပါလိမ့်မည်။
:D

မကြာခင်ထွက်ပေါ်လာဖွယ်ရှိသည့် ထုတ်ပြန်ကြေညာချက်

မကြာခင်ထွက်ပေါ်လာဖွယ်ရှိသည့် ထုတ်ပြန်ကြေညာချက်
-------------------------------------------
Mobie ဖုန်းဖြင့် Viber ဆော့ဖ်ဝဲလ်အသုံးပြုခြင်းများသည် နိုင်ငံတော် ဆက်သွယ်ရေး အခြေခံအက်ဥပဒေများအရ တရားမ၀င်ကြောင်း သုံးသပ်ဖြတ်တောက်ခဲ့ပါသည်။
သို့သော်လည်း .....ပြည်သူများ၏ တစ်ခဲနက်ဆန့်ကျင်မှုများကြောင့် ပြည်လည်သုံးစွဲခွင့်ပြုမည်ဖြစ်ပါကြောင်း..
ပြည်သူ့ဆန္ဒကို အလွန့် အလွန်... အင်မတိ အင်မတန်မှ အလေးထား..လိုက်နာ... ကျင့်သုံး..
ဖော်ဆောင်ပေးနေသည့် နိုင်ငံတော်အစိုးရအဖွဲ့ကြီးမှ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါသည်။
နိုင်ငံတော်သမ္မတကြီး၏ စေတနာအရပ်ရပ်အား.. (((သဘောအကြီးကြီး))) ပေါက်မည်ထင်ပါသည်။
ဟိဟိ

(အကွက်တွေ...အကွက်တွေ....) :P
လင်းရောင် 

Thursday, August 2, 2012

အွန်လိုင်းစောင့် နတ်ချုပ်ကြီးနှင့် စကားစမြည်


အွန်လိုင်းစောင့် နတ်ချုပ်ကြီးနှင့် စကားစမြည်

- သူရဿဝါ -

တစ်ခုသော ရုံးပိတ်သည့် ဥပုသ်ရက် တစ်ရက်၏ မနက် စောစောတွင် မောင်ဝါဝါ တစ်ယောက် စိတ်အကြံ ပေါက်သည်နှင့် ကြုံတုန်း ကြုံခိုက် တစ်ကိုယ်ရေ ဥပုသ် စောင့်၍ ဘုရားတွင် ကိုယ့်ဟာကိုယ် ငါးပါးသီလ ခံယူဖြစ် လေ၏။ မနက်ပိုင်း ငါးပါးသီလ ယူပြီးနောက် ဘာမှလည်း လုပ်စရာ မရှိသည်နှင့် မောင်ဝါဝါလည်း ကွန်ပျူတာ ကလေးဖွင့်၊ အွန်လိုင်းပေါ် တက်၍ ဟိုမွှေ ဒီမွှေ လုပ်၍ နေလေ၏။ ထိုအချိန် မှာပင် မောင်ဝါဝါ၏ ကွန်ပျူတာ ထဲမှ မီးခိုးလုံး ကြီးများ ပေါ်လာကာ ထိုမီးခိုးလုံး များထဲမှ နတ်ဝတ် နတ်စားနှင့် လူကြီးတစ်ဦး ထွက်၍ လာလေပြီး သူ့ကိုယ်သူ အွန်လိုင်းစောင့် နတ်ချုပ်ကြီးဟု ဆိုကာ မောင်ဝါဝါနှင့် အချီအချ စကားများ ပြောလေတော့ရာ အဆိုပါ အွန်လိုင်းစောင့် နတ်ချုပ်ကြီးနှင့် ပြောမိသည့် စကားစမြည်မှာ အောက်ပါ အတိုင်းပင် ဖြစ်လေ တော့၏။

“ငါသည်ကား အင်တာနက် တရိုး ပိုင်စံစိုးသည့် အွန်လိုင်းစောင့် နတ်ချုပ်ကြီး ဖြစ်တော့သကိုး”
“ဘယ်လို .. ဘယ်လို ၊ အွန်လိုင်းစောင့် ဟုတ်သလားဟင်”
“အိမ်းလကွယ် .. မြို့ကို စောင့်တော့ မြို့စောင့်နတ်၊ ရွာကို စောင့်တော့ ရွာစောင့်နတ်၊ အိမ်ကို စောင့်တော့ အိမ်စောင့်နတ် … အင်တာနက် အွန်လိုင်းကို စောင့်တော့ အွန်လိုင်းစောင့် နတ်ပေါ့ဟဲ့”
“ဟင် … အဲလိုကြီးလား … မသိပါဘူး၊ ဇာတ်ခေါင်းကွဲ လာတယ် အောင့်မေ့လို့ ကြည့်နေတာ”
“မိုးတွင်းကြီး ဆိုတော့ ဘယ်သူမှ မငှားတာနဲ့ ဇာတ်ခေါင်းကွဲ ဟဲဟဲ… ဟာ … ဒီအကောင် ငါ့ကိုများ ပမာမခန့်နဲ့၊ မင်းတို့ သုံးတဲ့ အွန်လိုင်း ဆိုတာကြီးကို ငါ စောင့်ကြပ် ကြည့်ရှု ပေးနေတာကွ၊ အွန်လိုင်းမှာ တစ်ချိန်လုံး အကဲခတ် စောင့်ကြည့်ပြီး အများသူငါ မကြည့်သင့် မဝင်သင့်တဲ့ ဟိုဆိုက် ဒီဆိုက် တွေကို ပိတ်တန်ပိတ် ဖွင့်တန်ဖွင့် အမြဲတမ်း လုပ်ပေး နေတာ ဘယ်သူ မှတ်သလဲ .. ဘယ်သူ မှတ်သလဲ”
“နတ်ချုပ်ကြီးလား …”
“မဟုတ်ဘူး .. ရတနာပုံ တယ်လီပို့”
“ဟာ … အကောင်းမှတ်လို့ .. ဒါနဲ့ ကျွန်တော့်ဆီ ဘာစိတ်ကူး ပေါက်လို့ ရောက်လာ တာလဲဟင် နတ်ရှုပ်ကြီး”
“နတ်ချုပ်ကြီး လုပ်ပါဟ … အေး .. မင်း ငါးပါးသီလ ယူထားတယ် နာမည်ခံပြီး အွန်လိုင်းပေါ် ရောက်နေလို့ အကုသိုလ်တွေ ကြီးကုန်မှာ စိုးတာနဲ့ ငါလာပြီး သတိပေး တာပဲ”
“ဟင် … ငါးပါးသီလ ယူပြီး အွန်လိုင်း တက်တာ အကုသိုလ် ဖြစ်တယ် ဟုတ်လား၊ ကြံကြီးစည်ရာ နတ်ရှုပ်ကြီး ရယ် ..”
“ဟေ့ကောင် … နတ်ရှုပ်ကြီး မဟုတ်ဘူး၊ နတ်ချုပ်ကြီး ပါလို့ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ .. ထားပါ .. ငါးပါး သီလ ယူပြီး အွန်လိုင်းပေါ် တက်လာတယ် ဆိုတာနဲ့ မင်းရဲ့ သီလတွေ အတော်များများ ကျိုးသွားပြီ သိရဲ့လား”
“အာ … မဖြစ်နိုင်တာ .. ကျွန်တော် ဘာမှလည်း မလုပ်ဘဲနဲ့ ဘာလို့ သီလကျိုး ရမှာတုန်း ..”
“အောင်မာ … မင်း အခုနက ကွန်ပျူတာ ဖွင့်၊ ကက်စပါစကီး ဖွင့်ပြီးတော့ တကွိကွိနဲ့ ဗိုင်းရပ်စ်တွေ သတ်နေတာ ငါမသိဘူး အောင့်မေ့လို့လား”
“ဟုတ်တယ်လေ … ဗိုင်းရပ်စ် ကိုက်တော့ စက်လေး နေလို့ ရှာသတ်တာ .. ကက်စပါစကီး ကောင်းတယ် နတ်ချုပ်ကြီးရဲ့”
“အေး .. သတ်လေ … အဲဒီလို ဗိုင်းရပ်စ် သတ်ပြီ ဆိုကတည်းက မင်း သီလတစ်ပါး ကျိုးသွားပြီ .. အဲဒါ ပါဏာတိ ပါတာ ကံကို မင်းကျူးလွန် လိုက်တာပဲ”
“အလို … ကွန်ပျူတာ ထဲမှာ ဒုက္ခ ပေးနေတဲ့ ဗိုင်းရပ်စ်ကို သတ်တာလေ … သက်ရှိ သတ္တဝါကို သတ်တာမှ မဟုတ်ဘဲနဲ့”
“ဟ … သူတို့လည်း သက်ရှိပဲ လေကွာ .. အသေကြီးတွေ မဟုတ်ဘဲ အသက်ရှိ နေလို့ မင်း ကွန်ပျူတာ ထဲမှာ သူတို့ လျှောက်မွှေ နေနိုင်တာ ပေါ့ကွ … ဒီတော့ မင်း ပါဏာတိ ပါတာကံ တစ်ပါးကျိုး သွားပြီ .. ဗြောင် မငြင်းနဲ့”
“ဒုက္ခပါပဲ .. အင်းလေ .. ထားပါတော့ တစ်ပါးကျိုး သွားပြီဆိုလည်း .. ဒါပေမယ့် ကျန်တဲ့ လေးပါးကို ဘာဆို ဘာမှ မချိုးဖောက် ဘူးလေ”
“ဘာလို့ မချိုးဖောက် ရမှာလဲ … မင်း အဒိန္နာဒါနာ ကံလည်း ကျိုးနေပြီ သူခိုးလေးရဲ့”
“အို .. စွပ်စွပ်နဲ့မှ စွဲစွဲ .. ကျွန်တော် ဘယ်သူ့ဆီက ဘာခိုး သေးလို့တုန်း၊ သေချာမှ ပြောပါဗျာ”
“မင်းအခု သုံးနေတဲ့ ကက်စပါ စကီးရော .. မင်း ခုနက သွင်းထားတဲ့ ဆော့ဖ်ဝဲ တွေရော တန်ရာတန်ကြေး ပိုက်ဆံပေး ဝယ်ပြီးသုံးတဲ့ ဖူးလ်ဗားရှင်း တစ်ခုမှ မပါဘူးလေ … အလကား ရတဲ့ ထရိုင်ရယ် ဗားရှင်းကို သွင်းပြီးတော့ အဲဒါကို ဖူးလ်ဗားရှင်း ဖြစ်အောင် အွန်လိုင်းကနေ Keygen တွေ၊ Crack တွေ၊ Patch တွေ ခိုးရှာပြီး မတရား နည်းနဲ့ ဖရီး သုံးနေတာ ငါမသိဘဲ နေမလားကွ”
“အဟီး .. ဒါတော့ ဟုတ်သား .. အဲဒီလို ကီးဂျန်တွေ၊ ခရက်တွေ ရှာပြီး ဖူးလ်ဗားရှင်း ဖြစ်အောင် သုံးတာ ခိုးမှု မြောက်တယ်လား၊ သားမှ မသိဘဲကို”
“အေး .. အဲဒါ ခိုးတာပဲ .. ကုန်ကုန် ပြောလိုက်မယ် .. မင်းအခု သုံးနေတဲ့ ဝင်းဒိုးဆဲဗင်း တောင်မှ မိုက်ခရိုဆော့ဖ် ကနေ လိုင်စင် ဗားရှင်းကို ပိုက်ဆံ ပေးပြီး မင်းဝယ်သုံး တာမှ မဟုတ်ဘဲ … ခရက် လုပ်ပြီးသား ဝင်းဒိုးကို စီဒီဆိုင် ကနေ တစ်ခွေ ငါးရာ ပေးဝယ်ပြီး တင်ထားတာချည်းကွာ …”
“အဲ .. အဲဒါက ကျွန်တော် ခိုးတာ မဟုတ်ဘူးလေ …”
“အို .. ဘာပဲဖြစ်ဖြစ် .. ဒါလည်း ခိုးရာပါ ပစ္စည်း လက်ခံတာ၊ မင်းလည်း အမှုတွဲပဲ .. မငြင်းနဲ့ .. ဒီတော့ မင်း အဒိန္နာဒါနာ ခိုးမှုလည်း မြောက်ပြီ ဆိုတော့ သီလ နှစ်ပါး ကျိုးပြီ”         
“ကျန်တဲ့ သုံးပါးတော့ လုံပါသေး .. နတ်ချုပ်ကြီးရယ်”
“အောင်မာ … မင်း ကာမေသုမိစ္ဆာစာရာ ကံလည်း ကျိုးနေပြီကွ သိရဲ့လား”
“ဒုက္ခပါပဲ .. သမာဓိ မတည်ငြိမ်အောင် လာလုပ်နေတယ် … ဘာလို့ အဲဒါလည်း ကျိုးရ ပြန်တာတုန်း”
“လေသံကိုက မရွံ့မရဲနဲ့ … ဒီမယ် မောင်ဝါဝါ မင်း ဒီနေ့ အွန်လိုင်းပေါ် တက်တက်ချင်း ဖေ့စ်ဘုတ်ထဲဝင်၊ ပြီး … မင်း ကြိတ်ကြိုက် နေတဲ့ အွန်လိုင်းက ကောင်မလေးရဲ့ ဝေါလ်ပေါ် သွား၊ ပြီး .. သူ တင်ထားတဲ့ ဓါတ်ပုံတွေ ကြည့်၊ ပြီးတော့ စိတ်ထဲ ကနေ ငါ့ရည်းစားလေး ဖြစ်လိုက်ရင် ဘယ်လောက် ကောင်းမလဲ .. တစ်ရက် လောက်တော့ ဒီကောင်မလေးနဲ့ တွဲသွား တွဲလာ လုပ်ချင်လိုက်တာ ဆိုပြီး မင့်စိတ်ထဲက ကြိတ်ပြစ်မှား နေတာ ငါသိတာပေါ့ကွ”
“သိလိုက်ရပြန်ပြီ … အထင် မလွဲပါနဲ့ နတ်ချုပ်ကြီးရယ် … တဏှာတွေ ရာဂတွေ ကျွန်တော့်မယ် ကုန်ပါပြီ”
“အေးလေ … ကိလေသာ တစ်ကြောပဲ တင်းကျန်ခဲ့တာ မဟုတ်လား … မငြင်းနဲ့ကွ … သူများ သားပျို သမီးပျိုကို မင်းစိတ်ထဲက ပြစ်မှား နေတယ် ဆိုကတည်းက အဲဒါ ကာမေသု ကျိုးပြီကွ … သိရဲ့လား”
“ငြင်းလို့မရတော့လည်း ထားလိုက်ပါတော့ နတ်ချုပ်ကြီးရယ် … မုသာဝါဒတော့ မကျိုးသေး ဘူးနော် … အခုထိ မနက် ကတည်းက ဘယ်သူ့မှ လိမ်မပြောသေးဘူး”
“လိမ်သာ မပြောတယ် … မင်း ဖေ့စ်ဘုတ် ထဲမှာ ဟိုလူ ဓါတ်ပုံတင်လည်း မကြိုက်ဘဲနဲ့ လိုက်ခ်လုပ်၊ ဒီလူ စတေးတပ်စ် တင်လည်း သဘောမကျဘဲ လိုက်ခ်လုပ်နဲ့ .. အဲဒါ လိမ်နေတာ”
“အို .. ဒါတော့ လူမှုရေး အရ ….”
“လူမှုရေးတွေ ဘာတွေ လာမပြောနဲ့ … မကြိုက်တာကို ကြိုက်တယ် ဆိုပြီး လိုက်ခ်တွေ စွပ်နှိပ်နေ ကတည်းက မုသာဝါဒ ကံကို မင်း မိုးလောက်ကြီးကျူးလွန် မိလျက်သား ဖြစ်နေတာ ပဲပေါ့ကွ”
“နတ်ချုပ်ကြီး လာမှပဲ ငါးပါးသီလ ခံပြီး ကတိမတည်တဲ့ ကိုယ့်ကိုယ်ကို သီလ မရှိတဲ့ အကောင်ကြီးမှန်း သိရတော့တာရယ် … ကဲ .. တစ်ပါးပဲ ကျန်တော့တယ်၊ သုရာမေရယ မူးယစ် သေရည် သောက်သုံးပြီး ရမ်းကားခြင်း ရှောင်ကြဉ် ပါ၏ ဆိုတဲ့ သီလလည်း တစ်ဝက်တိတိ ကျိုးနေပါပြီ နတ်ချုပ်ကြီးရယ်”
“ဟေ … မင်း အရက်တွေ သောက်ထားလို့လား .. နေပါဦး .. ကျိုးတယ် ဆိုလည်း သီလ တစ်ပါးလုံး အပြည့် ကျိုးပေါ့ကွ .. ဘယ့်နှယ် တစ်ဝက်တိတိ ကျိုးရတယ်လို့”
“ဟင့်အင်း .. တစ်ဝက်တိတိ .. ဖစ်ဖတိ ဖစ်ဖတိပဲ … အဲဒီလို ကျိုးတာလည်း နတ်ချုပ်ကြီးနဲ့ ဆိုင်ကို ဆိုင်တယ်”
“ဘာဆိုင်လို့လဲ … ငါ့ဟာငါ နေတဲ့ဟာ”
“ဆိုင်သမှ သိပ်ဆိုင် … မနက် အွန်လိုင်းတက် ကတည်းက အီးမေးလ် စစ်ချင်လို့ ဖွင့်နေတာ အခုထိ တက်မလာဘူး … Loading ဆိုတဲ့ စာတန်းနဲ့ အလုံးလေးက မနက် ကတည်းက အခုထိ လည်ပဲ လည်နေတာ .. အဲဒါကို ကြည့်ရင်း ကြည့်ရင်း အခု မူးနေပြီ … သေရည် သောက်ပြီး မူးလည်း မူးတာပဲ … မူးယစ်ဆေးဝါး သုံးပြီး မူးတာလည်း မူးတာပဲ … အခု ဒီအလုံးကို ကြည့်ရင်း လည်ပြီး မူးတာလည်း မူးတာပဲ … မူးယစ်စေတတ်တဲ့ ဆေးဝါး အရက်တွေ မသောက်ဘူး .. ဒါပေမယ့် မူးတယ် … ဒီတော့ တစ်ဝက်တိတိ သီလကျိုး နေပြီ … အဲဒါ နတ်ချုပ်ကြီးကြောင့်ပဲ … အွန်လိုင်းစောင့် နတ်ချုပ်ကြီး လုပ်နေပြီး ကော်နက်ရှင် လေးမှ ကောင်းအောင် မလုပ်ပေးတာ … အဲဒါကြောင့် အမြဲတမ်း လိုလို မူးနေရတာ … အခု ကျွန်တော် သီလကျိုးတာ နတ်ချုပ်ကြီး တာဝန်ပဲ … အဲဒါ နတ်ချုပ်ကြီး ဘယ်လို ဖြေရှင်း ပေးမလဲ .. ပြော”
“အဟီး … အဟဲဟဲ .. ဒါကတော့ ဒီလိုရှိတယ် မဟုတ်လား … ဟိုလေ … အခုပဲ အွန်လိုင်း နတ်စောင့်များ အစည်းအဝေး ရှိသတဲ့ .. မက်ဆေ့ခ်ျ ပို့တယ် … သွားလိုက်ဦးမယ်နော် … နောက် အားတော့လည်း ထပ်လာလည်ပြီး စကား ထပ်ပြော ကြတာပေါ့ နော့ … မောင်ဝါဝါ အလိမ်မာဆုံး ကောင်လေး … ဟဲ … သွားမယ်နော် … တာ့တာ”
ထိုသို့ မောင်ဝါဝါမှာ လည်နေသော Loading အကြောင်း ပြ၍ ခြိမ်းခြောက် လိုက်သော အခါတွင်မှ အွန်လိုင်းစောင့် နတ်ချုပ်ကြီးမှာ ယီးတီးယားတား ဝေဝေဝါးဝါး ပြောဆိုကာ အဖြေ မပေးဘဲ ထွက်ခွာ၍ သွားလေ တော့၏။ မောင်ဝါဝါလည်း ကျိုးပြီးသား သီလများ မထူးတော့ ဟုတွေးကာ တစ်နေကုန် ဗိုင်းရပ်စ်လေး သတ်လိုက်၊ ခရက် ကီးလေး ရှာလိုက်၊ ကောင်မလေး ပုံတွေ ဖေ့စ်ဘုတ်မှာ သွားကြည့်လိုက်၊ မကြိုက် ကြိုက်ကြိုက် လိုက်ခ် လုပ်လိုက်၊ တစ်နေကုန် Loading ကြီးကလည်း လည်နေလိုက်ဖြင့် ပျော်ပျော်ကြီး အွန်လိုင်း တက်၍သာ နေလေ တော့သတည်း။

၃၀ - ဇူလိုင် - ၂၀၁၂
TechSpace Journal
Volume (1), Issue (18)