Friday, November 9, 2012

ဖုန်းဆက်သွယ်မှု လိုင်းများကို လုံခြုံရေးအရ ကြားဖြတ်ဖမ်းယူ စစ်ဆေးနိုင်ဟုဆို



တိုင်းပြည်လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး ဒါမှမဟုတ် ရပ်ရွာ အေးချမ်းသာယာရေးကို ထိခိုက်စေနိုင်တဲ့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးစနစ်များကို အစိုးရက ကြားဖြတ်ဖမ်းယူခြင်းနဲ့ ဝင်ရောက်စစ်ဆေး ကြည့်ရှုနိုင်တယ်လို့ ဖော်ပြထားသော ဆက်သွယ်ရေး ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။
အဲဒီဆက်သွယ်ရေး ဥပဒေကြမ်းမှာ လျှို့ဝှက်၊ ညစ်ညမ်းသတင်းများ ဖြန့်ချိလျှင် အရေးယူမယ်လို့ ဖော်ပြထားပြီး ဘယ်သူမဆို ညစ်ညမ်းတဲ့ သတင်းအချက်အလက်များကို ပေးပို့ခြင်း ဒါမှမဟုတ် ဖြန့်ချိခြင်း ဒါမှမဟုတ် ပါဝင်ဆောင်ရွက်ခြင်း၊ သိုမှီး ထိန်းသိမ်းထားတဲ့ သတင်းအချက်အလက်များ တစ်ရပ်ရပ်ကို ဖြစ်စေ၊ လျှို့ဝှက်ချက်နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက် တစ်ရပ်ရပ်ကိုဖြစ်စေ ပိုင်ရှင်ရဲ့ ခွင့်ပြုချက် ဒါမှမဟုတ် သဘောတူညီချက် မရှိဘဲ ဝင်ရောက်ကြည့်ရှုခြင်း၊ ရယူခြင်း၊ ကူးယူခြင်း၊ ထုတ်နုတ်ခြင်း၊ ပျောက်ဆုံးစေခြင်း ဒါမှမဟုတ် ပေးပို့ဖြန့်ချိခြင်း၊ မူပိုင်ခွင့် ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ စာပေအနုပညာ လက်ရာကို ဖြစ်စေ၊ မူပိုင်ခွင့်နဲ့ ဆက်နွယ်တဲ့ အခွင့်အရေး တစ်ရပ်ရပ်ကို ဖြစ်စေ စီးပွားရေးအလို့ငှာ မူပွားခြင်း၊ အရုပ်နဲ့အသံတို့ကို ပေါင်းစပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ ထုတ်လွှင့်ခြင်းနဲ့ ပြည်တွင်း ဒါမှမဟုတ် တင်သွင်းခြင်းတို့ကို သိလျက်နဲ့ တမင်တကာ ကျူးလွန်ခြင်းတို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရပါက ထောင်ဒဏ်သုံးနှစ်ထက် မပိုတဲ့ပြစ်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမယ်လို့ အဲဒီဥပဒေကြမ်းမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။
“ဒီဥပဒေက လုံခြုံရေး အခြေအနေအရ ဆိုတာကိုတော့ အတိုင်းအတာ တစ်ခုလောက် လက်ခံပါတယ်၊ အကြောင်းရှိတိုင်း လုံခြုံရေးကို အကြောင်းပြနေရင် ဘယ်လိုလုပ်မလဲ၊ ဒီကနေ့ အချိန်မှာက အိုင်တီနည်းပညာတွေ အရမ်းပြန့်ပွားနေတယ်၊ အထူးသဖြင့်တော့ လူငယ်တွေက ဒီအိုင်တီကို အရမ်းခုန်မင်နေကြပြီ ဒါကို အဲဒီလို ထိန်းချုပ်မယ်ဆိုရင်တော့ တော်တော် အခက်တွေ့ကြရမယ်၊ လူငယ်တွေဆိုတာ သူတို့ပြောချင်တာကို အရင်က လွတ်လွတ်လပ်လပ် မပြောခဲ့ရဘူးလေ အခု ဒီအိုင်တီတွေ ထွန်းကားလာလို့ အစစအရာရာ ပွင့်လင်း မြင်သာလာတာပါ။ သတင်းအချက်အလက် ဆိုတာက ပေးသူနဲ့ ယူသူရဲ့ကြားမှာ ချင့်ချိန်တတ်ဖို့ဘဲ လိုတယ်၊ အကျိုးရှိတဲ့အလုပ်ကို လုပ်မယ် အကျိုးမရှိတဲ့ အလုပ်မလုပ်ရင် ပြီးရောပေါ့ ဒီကိစ္စက လူငယ်လေးတွေရဲ့ အတွေးအခေါ်တွေကို ဟန့်တားနေသလို ဖြစ်နေတယ်၊ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံဆိုရင် လူတစ်ဦးချင်း လွပ်လပ်ခွင့်ဆိုတာကို ထည့်သွင်း စဉ်းစားရပါမယ်” ဟု IT လုပ်ငန်း လုပ်ကိုင်နေသူ ဦးစည်သူက ထောက်ပြ ပြောဆိုခဲ့ပါတယ်။
ယခုဖော်ပြပါ ဆက်သွယ်ရေး ဥပဒေကြမ်းမှာ ယခင်က အသုံးပြုခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေများဖြစ်တဲ့ ၁၈၈၅ မြန်မာ့ကြေးနန်း အက်ဥပဒေ The Myanmar Telegraph (1885) နဲ့ ၁၉၃၄ မြန်မာ့ကြိုးမဲ့ကြေးနန်း အက်ဥပဒေ The Myanmar Wireless Telegraphy (1934) တို့ကို ဖျက်သိမ်းတော့မှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ကိုးကား- ရတနာပုံသတင်း ၊ Yatanarpon.com.mm

No comments:

Post a Comment