Friday, October 19, 2012

မြန်မာဆိုတာ ...ဒါမျိုး

မြန်မာဆိုတာ ...ဒါမျိုး     ရေးသူ လင်းရောင် (ဖွဘွတ် ငပေါ)
----------------

တွေးကြည့်တိုင်း ပြုံးစရာကောင်းသော အဖြစ်အပျက်လေး ပြောပြချင်သည်။
စိတ်ကြည်နူးစရာကောင်းသလို အံ့သြစရာလည်းကောင်းသည်။
ပြီးတော့ ဒီအဖြစ်အပျက်က Update လည်းဖြစ်သည်။
နန်းခင်ဇေယျာနှင့် ပတ်သတ်လေသည်။

ကျွန်တော့်တွင် ကိုယ်ပိုင်အလုပ်ရှိပါသည်။
သို့သော် အလုပ်ပါးရက် နားရက် ညများတွင် မိတ်ဆွေတစ်ယောက်၏ အလုပ်အား အချိန်ပိုင်းအဖြစ်သွားလုပ်ပေးတတ်၏။
အပိုဝင်ငွေရသလို ပညာလည်း ရသောကြောင့်ဖြစ်သည်။
ဘယ်ရွှေ့ဘယ်မျှဟု အချိန်နှင့် လုပ်အားခကို သတ်မှတ်ထားခြင်းမဟုတ်။
သူအလုပ်မနိုင်သည့် အခါများတွင် ကျွန်တော့်ကို လာခေါ်တတ်ပြီး ကျွန်တော်အလုပ်အားသည့်အခါများတွင်လည်း သူခေါ်ခေါ် မခေါ်ခေါ်သွားလုပ်ပေးတတ်သည်။
နားလည်မှုနှင့် အလုပ်လုပ်သည်ပဲ ဆိုပါတော့။
ကျွန်တော်က ၄င်းအလုပ်တွင် ဂရပ်ဖစ်ဒီဇိုင်းများဆွဲပေးရသည်။
ဆေးရိုက်သည့် လုပ်ငန်းဖြစ်သည်။

ယင်းအလုပ်တွင် မြန်မာကောင်လေးတစ်ယောက်ရှိသည်။
ရှားရှားပါးပါး သူတစ်ယောက်သာ မြန်မာပါ ပါသည်။
အသက်က ၂၄ နှစ်ဝန်းကျင်လောက်ရှိပြီး ကျွန်တော်သူ့ကို ကိုမင်းဟု ခေါ်သည်။ သူ ကျွန်တော့်ကို ကိုလင်းဟုခေါ်သည်။
မြန်မာချင်းမို့ ကျွန်တော်အလုပ်လာလုပ်သည့် ညများတွင် သူ အလွန်ပျော်သည်။ ကျွန်တော်က သူ့ကို ဒီဇိုင်းပညာလေး နည်းနည်းပါးပါးသင်ပေးတတ်တာလည်းပါသည်။ သူ့အလုပ်ပါးချိန်တွင် ကျွန်တော်အလုပ်လုပ်သည့် အနားတွင် လာထိုင်ပြီး စကားပြောရင်း ပညာသင်တတ်သည်။

ယမန်နေ့ညက ကျွန်တော် ထိုအလုပ်သို့ရောက်သောအခါ ထုံးစံအတိုင်း ကျွန်တော့်နားမှာ လာထိုင်သည်။ ပြီးတော့ သူ ကျွန်တော့်ကို ပြောသည်။

“ကိုလင်း နန်းခင်ဇေယျာ ဘယ်လောက်ရသွားပြီလဲ ကြည့်ပေးပါ”
ကျွန်တော် အံ့သြသွားသည်။
ဘာဖြစ်လို့လဲဟု ပြန်မေးသောအခါ...စပ်ဖြဲဖြဲဖြင့် ပြန်ပြောသည်။
“စိတ်မချလို့”
“ဘာ...”
ကျွန်တော် ရယ်ချင်သွားသည်။
“မင်းက ဘာကို စိတ်မချတာလဲ ”
“တခြားမယ်တွေ သူ့ကို ကျော်သွားမှာစိုးလို့ဗျ.. ကျွန်တော် ဒီနေ့တစ်နေ့လုံး သူ့ကို ထိုင်ကလစ်နေတာ... မနက်မိုးလင်းကတည်းကပဲ... ဒီနေ့ အလုပ်တောင် လာချင်တာမဟုတ်ဘူး...“

ကျွန်တော် သူပြောချင်သည်ကို သဘောပေါက်ပါသည်။
သူက အလုပ်တွင် ကွန်ပျူတာ သုံးခွင့်ရသူမဟုတ်။
အလုပ်လာသည့်အခါ သူ့ကွန်ပျူတာကို အိမ်တွင်သာထားခဲ့ရသည်။
ကျွန်တော် နားမလည်သည်က ဘာဖြစ်လို့ နန်းခင်ဇေယျာကို အသည်းအမဲဖြစ်နေသလဲ ဆိုတာ ဖြစ်သည်။

“မင်းကလည်းကွာ.....စိတ်ထဲမှာ အဲလောက်မထားနဲ့လေ.. မင်း မဗုတ်လဲ သူများတွေ ဗုတ်ပါလိမ့်မယ်။ ပြီးတော့ သူများမယ်တွေ ကျော်သွားတော့ကော ဘာဖြစ်လဲ .. ဒါပြိုင်ပွဲပဲ ဥစ္စာကို ”

သူ ကျွန်တော့်ကို မျက်နှာထားတည်တည်ဖြင့် ပြောသည်။
“ကိုလင်း.. ကျွန်တော်သူ့ကို ကလစ်နေတာ ဒီနေ့မှ မဟုတ်ဘူး.. နှစ်ရက်ရှိပြီ. ကျွန်တော် ကလစ်တာတောင် မရှိဘူးဆို အနည်းဆုံး အချက် တစ်သောင်းလောက်တော့ရှိမယ်.. ကိုယ့်မြန်မာ ထိပ်ဆုံးမှာ ရောက်နေတာမြင်တော့ ကျွန်တော် အရမ်းပျော်တယ်..
အခုအချိန်ရောက်မှ သူများက ကပ်နိုင်သွားရင် ကျွန်တော် နှစ်ရက်လုံးလုံး နှိပ်ခဲ့တာတွေ အလကားဖြစ်သွားမှာပေါ့.. သူဆုရရင်ကောင်းမှာပဲဗျာ.. မစ်စ်အင်တာနေရှင်နယ် မရနိုင်မှန်းသိပေမယ့် မစ်စ်အင်တာနက်လေးတော့ ရစေချင်တယ်.. ကိုလင်းကကော မရစေချင်လို့လား...”
သူ ကျွန်တော့်ကို မေးသည်။

ရုတ်တရက် ကျွန်တော် ဘာပြန်ပြောရမှန်း မသိ။
သူ့မျက်နှာကို ကြည့်ရတာ တကယ်မျှော်လင့်ချက်အပြည့်နှင့် ပြောနေတာမှန်း သိသာလွန်းသည်။ ယခင်လို ပြောင်တောင်တောင် နောက်တောက်တောက် အမူအရာမရှိ။ တည်ကြည်သော မျက်ဝန်းများကို တွေ့ရသည်။

စိတ်ထဲမှာ တော်တော် ကျေနပ်သွားသည်။
ဘာပဲဖြစ်ဖြစ် ဘယ်နေရာပဲရောက်ရောက် ကိုယ့်လူမျိုးကို ချစ်ခင်အားပေးသောစိတ်ကလေးကို တွေ့ရသောကြောင့်ဖြစ်သည်။
နန်းခင်ဇေယျာ ဆုရခြင်း မရခြင်းသည် တကယ်တော့ ကျွန်တော်တို့လက်တွေ့ဘ၀များတွင် ဘာအကျိုးသက်ရောက်မှုမှ မရှိပါ။
မြန်မာ နိုင်တယ်ကွ..ဆိုသည့် ဂုဏ်ဒြပ်တစ်ခုမျှသာ ဖြစ်ပါသည်။

ယခင်က နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် နိုင်ငံတကာပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်သော နန်းခင်ဇေယျာအတွက် ကျွန်တော်လည်း မြန်မာတစ်ယောက်အဖြစ် ဂုဏ်ယူခဲ့ပါသည်။ ယခုတော့ နန်းခင်ဇေယျာထက် ပိုမို ဂုဏ်ယူစရာကောင်းသည်မှာ သူမကို အားပေးသော ကမ္ဘာတစ်ဝှမ်းရှိ မြန်မာများဖြစ်လာသည်။
စည်းလုံးမှု၊ ချစ်ခင်ရင်းနှီးမှုနှင့် အားတက်သရော ထောက်ခံမှုများသည် နိုင်ငံချစ်စိတ်၏ အခြေခံအုတ်မြစ်များ ဖြစ်ပါသည်။
သူတို့သည် နန်းခင်ဇေယျာထက် မြန်မာဆိုသည့် အမည်ကို ပိုချစ်သူများဖြစ်ပါသည်။
မြန်မာနိုင်သည်..ဟူသော ဂုဏ်ဒြပ်လေးတစ်ခုအတွက် ယခုလောက်တောင် ချစ်ကြည်စည်းလုံးနိုင်သည်ဆိုလျှင် အမျိုးဘာသာ သာသနာမပျောက်ပျက်ဖို့အတွက်တော့ ပို၍ပင် စည်းလုံးပါလိမ့်မည်။
မည်သည့် အားနည်းချက်များ ရှိသည်ဖြစ်စေ....
မြန်မာလူမျိုးဟူသည် အရေးကြီးလျှင် သွေးစည်း သွေးနှီးတတ်ကြသည်မှာ တကယ်ပင် ဂုဏ်ယူစရာဖြစ်ပါသည်။ ကျေနပ်စရာဖြစ်သည်။

ထို့နောက် ကျွန်တော် နန်းခင်ဇေယျာလင့်ခ်ကို ဖွင့်ပြသည်။
အခြားမယ်များထက် နှာတစ်ဖျား သာလွန်နေဆဲ။
သို့သော် နေ့ခင်းကလို စက္ကန့်ပိုင်းမှာ ဗုတ်များ ထောင်ချီတက်သည်တော့ မဟုတ်။ လေးရာ ..ငါးရာလောက်သာ တတ်တော့သည်။ ကိုယ်ရွှေကိုယ်မျိုးများ အိပ်နေပီထင်သည်။

သူ မော်နီတာကို ကျေနပ်စွာကြည့်ပြီး ပြုံးဖြဲဖြဲဖြင့် ပြောသည်။
“ သိလား..ကိုလင်း... ကျွန်တော့်မိန်းမကိုလည်း ငါ့ကိုချစ်ရင် မအိပ်နဲ့....ဒီလင့်ခ်ကို ဖွင့်ပြီး ကလစ်နေလို့ ...မှာခဲ့တယ်”

“ဟင် ...မင်းမိန်းမက ကွန်ပျူတာ မသုံးတတ်ဘူးဆို ”
“ဟုတ်တယ်လေ...ဒါပေမယ့် ဘယ်လို လုပ်ရမယ်ဆိုတာ သင်ပေးခဲ့တယ် ... ခက်တာမှ မဟုတ်တာ... ဒါလေးဖွင့်လိုက် ... ကလစ်လိုက်... ပြန်ပိတ်လိုက်... ပြတ်ဖွင့်လိုက်ဆိုပြီး ပြခဲ့တာ...”

“သြော်... အေးအေး ကောင်းပါတယ်ကွာ ...ဟားဟား...”
ကျွန်တော် သဘောကျစွာဖြင့် အော်ကြီးဟစ်ကျယ် ရယ်သည်။
တစ်ညလုံး ထိုင်ကလစ်နေမည့် သူ့မိန်းမကို မြင်ယောင်မိ၍ဖြစ်သည်။
တကယ်တော့ သူမိန်းမလေးက မြန်မာမဟုတ်။
အင်ဒိုနီးရှားမလေး ဖြစ်လေသည်။

ခပ်တုံးတုံး..ခပ်အအ ရှိသော အင်ဒိုနီးရှားမလေးသည် သူတို့နိုင်ငံက မစ်စ်အင်ဒိုနီးရှားလည်း ပြိုင်ပွဲဝင်ကြောင်း သိတောင် သိမည်မဟုတ်ပါ။
ယောကျာ်းလုပ်သူ ခိုင်းသည့်အတိုင်း မစ်စ်မြန်မာကိုသာ တစ်ညလုံး ထိုင်ကလစ်နေပါလိမ့်မည်။
:D

No comments:

Post a Comment