Tuesday, October 30, 2012

ကျေးရွာများသို့ GSM မိုဘိုင်းဖုန်း အရစ်ကျရောင်းချမှုအား စိတ်ဝင်စားမှု နည်းပါးနိုင်ဟုဆို


၂၀၁၃ ခုနှစ်ပိုင်းအတွင်း မိုဘိုင်းဖုန်းသုံးစွဲမှု သန်း ၃၀ အထိရှိနိုင်ရန်အတွက် ကျေးလက်ဒေသများသို့ ရောင်းချနိုင်မှသာ ပြည့်မီနိုင်မည်ဟု ကျွမ်းကျင်သူများမှ သုံးသပ်ခဲ့ကြပြီးသည့်နောက်ပိုင်းတွင် မြန်မာ့ဆက်သွယ်ရေးမှ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းလိုင်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးနိုင်ရန် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ GSM မိုဘိုင်းဖုန်းများကို အရစ်ကျစနစ်ဖြင့် စတင်ရောင်းချပေးရာတွင် လက်ရှိအချိန်၌ ကျေးလက်ဒေသများသို့ စတင်ရောင်းချပေးလျက်ရှိသော်လည်း ကျေးလက်နေပြည်သူများမှာ မိုဘိုင်းဖုန်းရောင်းချခြင်းအား စိတ်ဝင်စားမှု နည်းပါးနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများမှ ထပ်မံသုံးသပ်ပြောပြကြသည်။ “အရစ်ကျ ရောင်းချပေးတဲ့နေရာမှာ ပထမအရစ် လေးသောင်းကျပ်သွင်းရမယ်၊ နောက်ပိုင်းတစ်လကို တစ်သောင်းပေးသွင်းရမယ်ဆိုတာက ရန်ကုန်နဲ့ မြို့ကြီးတွေမှာတော့ လူတိုင်းပေးသွင်းနိုင်သလို သာမန်ဝန်ထမ်းအနေနဲ့ ပေးချေနိုင်ပါလိမ့်မယ်။ ကျေးလက်ဒေသတွေကျတော့ ပထမအရစ် လေးသောင်းကျပ်မှာတင် အခက်အခဲ စပြီးတော့ရှိပါတယ်။ လစဉ် တစ်သောင်းကျပ် ထပ်မံသွင်းဖို့ဆိုရင် ပိုပြီးတော့ခက်ခဲနိုင်ပါတယ်” ဟု အစိုးရ၀န်ထမ်းဟောင်းတစ်ဦးက ၎င်း၏ထင်မြင်ချက်ကို ပြောပြသည်။ ကျေးလက် GSM အရစ်ကျ ရောင်းချမှုနှင့် ပတ်သက်၍ ဈေးကွက်ကျွမ်းကျင်သူတစ်ဦးက “ကျေးလက်ဒေသတွေမှာက လူတိုင်း ဖုန်းမ၀ယ်နိုင်ကြပါဘူး။ နောက်ထပ်တစ်ခုက လူတိုင်းက ဖုန်းအသုံးပြုဖို့ မလိုအပ်နေတဲ့အတွက်လည်း ပါပါတယ်။ နောက်ထပ်တစ်ခုက တစ်ဦးချင်းအလိုက် ဖုန်းအသုံးပြုဖို့ထက် တစ်အိမ်တစ်လုံးလောက်ရှိရင်တောင် တော်တော်လေးလုံလောက်နေတဲ့ အခြေအနေဖြစ်တဲ့အတွက် နယ်မြို့ကတော့ မြို့ကြီးတွေလောက် ရောင်းအားမကောင်းနိုင်ပါဘူး။ နယ်မြို့မှာဆိုရင် တာဝါတိုင်နည်းပါးမှုတွေလည်းရှိတော့ လိုင်းအားနည်းမှုကြောင့်လည်း တချို့မသုံးတာမျိုးတွေလည်း ရှိနိုင်ပါတယ်” ဟု ဆက်လက်ပြောပြသည်။ မိုဘိုင်းဖုန်းဟန်းဆက်ဈေးကွက်ရှိ ကျွမ်းကျင်သူများမှ ပြောပြရာတွင်လည်း “ကျွန်တော်တို့အနေနဲ့က မိုဘိုင်းဖုန်းလိုင်းကတ်တွေကို ထည့်သွင်းအသုံးပြုနိုင်တဲ့ တန်ဖိုးနည်းဟန်းဆက်ကို အရစ်ကျပေးရပါမယ်။ နယ်မြို့တွေ အသုံးပြုမှာဆိုတော့ တန်ဖိုးနည်းနှစ်သောင်း၊ သုံးသောင်းဝန်းကျင် ဟန်းဆက်တွေကို ရောင်းပေးဖို့ စီစဉ်ထားပါတယ်။ အခုလောလောဆယ်တော့ မြို့နှစ်မြို့ကို အလုံးရေ ၃၀၀၊ ၄၀၀ ၀န်းကျင် ပို့ထားပါတယ်။ ရောင်းအားကိုတော့ ဆက်လက်စောင့်ကြည့်ပြီး လုပ်ဆောင်သွားရမှာဖြစ်ပါတယ်” ဟု မိုဘိုင်းဖုန်း ဟန်းဆက်အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောပြသည်။ လက်ရှိအချိန်ထိတွင် ကျေးလက်ဒေသများသို့ အရစ်ကျစနစ်ဖြင့် မိုဘိုင်းဖုန်းလိုင်းများ ရောင်းချပေးရာတွင် ရောင်းချမှုနှုန်းမှာ သိသိသာသာ အရှိန်အဟုန်မြင့်မားလာခြင်း မရှိသေးကြောင်း သိရသည်။

ရေးသားသူ -မိုးသူ http://myanmarinternetjournal.com/mobile/mobile-news/5484--gsm-

No comments:

Post a Comment