Monday, August 13, 2012

သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ် (၃)



တာပုံ သဲအိတ်စီနည်းကို ပိုမိုကောင်းမွန်အောင် အလွယ်တကူ ရေမဝင်နိုင်စေရန် ပလပ်စတစ်အလွှာတွေ အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ ကြာရှည်စွာ ရေတက်နေ၊ ရေကြီးတတ်တဲ့ ဒေသတွေအတွက် အလွန်ပင် အသုံးဝင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ပလပ်စတစ်အစတွေကို ပြုလုပ်ထားတဲ့ သဲအိတ်တာပေါ်မှာ ထပ်ပြီးခင်းတဲ့သဘောပါ။ တော်ရုံနဲ့ ရေမစိမ့်နိုင်တော့သလို ရေတိုးနေတဲ့ ဒဏ်ကိုလဲ ခံနိုင်ရည် ပိုရှိလာပါမယ်။

ပုံ (၁၁) ပလပ်စတစ်အားဖြည့် သဲအိတ်တာ

ပလပ်စတစ်အစကို ရေလာရာဘက် ရေတိုးရာဘက်ပိုင်းမှာ ဖြန့်ခင်းပြီး အခြေနားမှာတစ်နေရာ တာရဲ့ထိပ်ဆုံးမှာတစ်နေရာ သဲအိတ်တွေနဲ့ သေသေချာချာ ဖိပြီးတော့ တပ်ဆင်ရပါမယ်။ မြစ်ကြောင်းတစ်လျှောက်၊ ချောင်းရိုးတစ်လျှောက်မှာ ပြုလုပ်ထားတဲ့ တာမျိုးဆိုရင်တော့ ပလပ်စတစ်စကို ရေလမ်းကြောင်းနဲ့ အလျှဉ်းသင့်အောင် တစ်ခုနဲ့တစ်ခု ထပ်ပြီးတော့ သုံးစွဲသင့်ပါတယ်။ ထပ်တဲ့ပုံစံ ပြောင်းပြန်ဖြစ်ပါက ပလပ်စတစ်ကြားထဲ ရေတိုးဝင်ပြီးတော့ တာကျိုးနိုင်တဲ့အထိ ဖြစ်နိုင်လို့ သေသေချာချာ ပြုလုပ်သုံးစွဲ သင့်လှပါတယ်။

ပုံ (၁၂) ရှည်လျှားသော သဲအိတ်တာအတွက် ပလပ်စတစ်စ ခင်းနည်း

ပလပ်စတစ်စ တစ်စနှင့်တစ်စကို အနည်းဆုံး သုံးပေလောက် ထပ်ပေးဖို့လိုပါတယ်။ ရေအောက်ဘက်ကို အရင်ခင်းပြီးမှ ရေတင်ဘက်ကို ခင်းပေးရပါမယ်။ ပလပ်စတစ်စ ခင်းပြီတဲ့နောက် သဲအိတ်တွေနဲ့ တာထိပ်မှာ တစ်လိုင်း ရေလာရာဘက် အခြေမှာ တစ်လိုင်း ဖိထားပေးဖို့တော့ လိုအပ်ပါမယ်။

ရေကြီးတဲ့ဒေသတွေအတွက် အရေးအကြီးဆုံးကတော့ သောက်သုံးရေပါပဲ။ ရေကြီးရေတက်လာတဲ့ အခါမှာ နေရာဒေသအမျိုးမျိုးက အညစ်အကြေးတွေ ပျော်ဝင်စီးဆင်းလာတာတွေဟာ ရေတွင်းတွေ ရေကန်တွေဆီကို ဒလဟော ဝင်ရောက်တတ်ပါတယ်။ အဲလိုမျိုး အညစ်အကြေးတွေ ဝင်ရောက်တဲ့အတွက် သောက်သုံးရေသန့် အခက်အခဲ ဖြစ်တတ်ပါတယ်။ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိတဲ့အတွက် ရေကြီးရာဒေသတွေမှာ မျက်စေ့နဲ့ ပတ်သက်တဲ့ရောဂါတွေ၊ ဝမ်းရောဂါလိုမျိုး ကူးစက်ရောဂါတွေ ဖြစ်ပွားတတ်ကြပါတယ်။ ဒါကြောင့်မို့ ရေတွင်းရေကန်တွေကို သေသေချာချာ ကာကွယ်ထားသင့်ပါတယ်။

ရေကန်တွေကိုဆိုရင် တာဘောင်တစ်လျှောက်မှာ သဲအိတ်တွေနဲ့ ပလပ်စတစ်စတွေ အသုံးပြုပြီးတော့ ကာကွယ်သင့်သလို၊ ရေတွင်းတွေကိုလဲ သဲအိတ်တွေနဲ့ ကာကွယ်ထားသင့်ပါတယ်။ ဒီလိုကာကွယ်ခြင်းအားဖြင့် အညစ်အကြေးအရည်တွေ မြေသားမှတဆင့် စိမ့်ဝင်တာကို မကာကွယ်နိုင်ပေမယ့် တိုက်ရိုက် ဝင်ရောက်ခြင်းမှ ထိထိရောက်ရောက် ကာကွယ်နိုင်ပါတယ်။ တိုက်ရိုက်ဝင်ရောက်ခြင်း မရှိတဲ့ရေကို ပိုမိုစိတ်ချစွာ သောက်သုံးနိုင်သလို၊ ကလိုရင်းခတ်ခြင်း ကျိုးချက်ခြင်းတို့ကိုလဲ အလွယ်တကူ ပြုလုပ်သန့်စင်လို့ ရနိုင်ပါတယ်။

ပုံ (၁၃) ရေတွင်းကို သဲအိတ်စီ၍ ကာကွယ်ထားပုံ

သဲအိတ်တွေနဲ့ ရေကြီးတာကို ကာကွယ်တဲ့ အဓိကရည်ရွယ်ချက်က ရေတက်လာတာ၊ ရေကြီးလာတာကို လုံးလုံးဖယ်ရှားနိုင်တာမျိုး မဟုတ်ပေမယ့် ရေကြီးခြင်း ရေတက်ခြင်းကို ထိရောက်စွာ အဟန့်အတား ဖြစ်စေပြီးတော့ ရေစီးကြောင်းကို နှေးစေခြင်း အားဖြင့် ရေတိုက်စားခြင်း၊ ကမ်းပြိုးခြင်း စသည်တို့ကြောင့် ဖြစ်ပွားသည့် နောက်ဆက်တွဲ ပြဿနာများကိုတော့ ထိထိရောက်ရောက် ကာကွယ်နိုင်ပါတယ်။ သဲအိတ်ဖြင့် အကာအကွယ် လုပ်ခြင်းအားဖြင့် ရေကြီးခြင်းကြောင့် ဖြစ်ပွားတဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

ရေတိုးရာ လမ်းကြောင်းကို သဲအိတ်များ စီခြင်းဖြင့် လမ်းကြောင်းလွှဲခြင်းအားဖြင့် ပျက်စီးဆုံးရှုံးမှုတွေကို လျော့ချနိုင်ခြင်း၊ အရေးကြီးသော နေရာများကို ကာကွယ်နိုင်ခြင်း စတဲ့အကျိုးတွေကိုလဲ ရနိုင်စေပါတယ်။

သဲအိတ်များစီပြီး ရေကြီးခြင်းကို ကာကွယ်ရာမှာ အဓိကထား ကာကွယ်သင့်တဲ့ နေရာတွေကတော့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းကဲ့သို့သော လူအများကို ကယ်ဆယ် ထားရှိနိုင်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ မြစ်ချောင် တစ်လျှောက် ရေတိုးနိုင်တဲ့ နေရာတွေတင်သာမက အဆိုပါနေရာတွေကိုလည်း ဦးစားပေးပီးတော့ ကာကွယ်သင့်ပါသေးတယ်။ ထိုသို့ကာကွယ်ရာမှာ ရေတိုးလာမယ့် ရေစီးကြောင်းတွေကို လေ့လာတွက်ချက်ပြီးတော့ စနစ်တကျ စီစဉ်ကာကွယ်သင့်ပါတယ်။ အဆောက်အဦးတွေကို ကာကွယ်ထားတဲ့ သဲအိတ်နံရံတွေကို ငါးပေခြားတစ်နေရာလောက်စီ သဲအိတ်လေး ငါးအိတ်လောက်နဲ့ ထောက်ကန်ထားပေးဖို့လဲ လိုအပ်ပါသေးတယ်။

ပုံ (၁၄) သဲအိတ်များဖြင့် ရေတိုက်စားခြင်းမှ ကာကွယ်ထားပုံ

ရေစီးရာလမ်းကြောင်းကို သေချာစွာ လေ့လာပြီး ရေဦးတိုက်ရာ နေရာတွေကို သဲအိတ်အပြင် အခြားအကာအကွယ်များကိုလဲ ထပ်မံတပ်ဆင်သင့်ပါသေးတယ်။ ပုံမှာဆိုရင် ရေဦးတိုက်ရာ နေရာတည့်တည့်မှာ သစ်သားနဲ့ ပြုလုပ်တဲ့ အကာအကွယ်နဲ့ အားဖြည့်ပြီး သဲအိတ်များနဲ့ ထောက်ကန်ထားပေးပါတယ်။

ဆက်ရန်...

No comments:

Post a Comment