Monday, August 13, 2012

သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ် (၁)


by ကို သာ ပို on Friday, August 10, 2012 at 11:46pm ·
ခုတလော မြန်မာပြည်မှာ မိုးတွေရွာတယ် ရေတွေကြီးတယ်ဆိုတော့ အတော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်။ မိုးမရွာတော့လဲ မရွာလို့ ရွာလိုက်တော့လဲ ရွဲ့သလားမှတ်ရတယ် ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် ရေကြီးတယ် ရေလျှံတယ်ဆိုတာတွေ နားမဆံအောင် ကြားနေရတဲ့ တို့ပြည် ဖြစ်နေပါပေါ့။ ရေဘေးကြောင့် ဒုက္ခတွေရောက်ကြတာ ကြားရ မြင်ရတာ အင်မတန်မှ စိတ်ညစ်ညူးဖို့ ကောင်းလှပါတယ်။

ဒီလိုအချိန်မှာ အရင်တုန်းက NGO တစ်ခုမှာ လုပ်တုန်းက ရေကြီးရင် အရေးပေါ် သဲအိတ်တွေ နဲ့ကာကွယ်ရမယ့် နည်းစနစ်လေးတွေ ပြင်ဆင်ခဲ့ဖူးတာလေးကို ပြန်ပြီးတော့ သတိရမိတယ်။ အတိအကျ အရင်ကလုပ်ခဲ့တာမျိုး ပြင်ဆင်ပေးခဲ့တာမျိုးတော့ မဟုတ်ပေမယ့် အတတ်နိုင်ဆုံး အဆင်ပြေမယ့် ပုံစံလေးတွေနဲ့ ဘယ်လိုဘယ်ပုံဆိုတဲ့ နည်းလမ်းလေးတွေကို စနစ်တကျဖြစ်အောင် ပြန်ရေးပြချင်ပါတယ်။ တယောက်တလေလောက် ဖတ်မိလို့ သုံးဖြစ်မယ် အသုံးဝင်ခဲ့မယ်ဆိုရင် ရေးရကျိုးနပ်တယ်လို့ ခံယူပါတယ်။

ရေတွေ ရုတ်တရက် ကြီးလာတဲ့နေရာတွေ တိုးလာတဲ့ နေရာတွေမှာ သဲအိတ်နဲ့ ကာကွယ်တာဟာ အတော်လေး ထိရောက်တဲ့ နည်းလမ်းပါ။ ရေအမြင့် လေးငါးပေ အမြင့်လောက် တိုးလာတဲ့ ရေကို သဲအိတ်သုံးပြီးတော့ ထိထိရောက်ရောက် ကာကွယ်နိုင်ပါတယ်။ ကာကွယ်တဲ့နေရာမှာ နေရာဒေသတစ်ခုကို ကာကွယ်တာ၊ အရေးကြီးတဲ့ နေရာတွေကို ကာကွယ်တာ၊ သောက်ရေကန်၊ ရေတွင်း စတဲ့ နေရာတွေကို ကာကွယ်တာ၊ အိမ်တံခါးပေါက် စတဲ့နေရာတွေကို ကာကွယ်တာ စသဖြင့် ပုံစံအမျိုးမျိုး နေရာအမျိုးမျိုးအတွက် သင့်လျှော်လိုက်ဖက်မယ့် နည်းစနစ်တွေ ရှိကြပါတယ်။

သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်တဲ့နေရာမှာ သဲအိတ်လုပ်မယ့် အိတ်ကိုရွေးချယ်တာကအစ သဲဖြည့်တာ၊ သဲအိတ်စီတာ စတဲ့အဆင့်ဆင့်မှာ နည်းစနစ် ကျနဖို့လိုပါတယ်။ သဲအိတ်ပဲကွာ အိတ်ထဲသဲထည့်ပြီးတော့ ရေတိုးတဲ့နေရာကို ကားထားရင် မပြီးဘူးလားမေးရင် မပြီးဘူးလို့ပဲ ပြောရမှာပါ။ ဖြစ်သလို စနစ်တကျ ပြင်ဆင်ပြုလုပ်ထားခြင်း မရှိတဲ့ သဲအိတ်တွေဟာ ပင်ပန်းတာပဲ အဖတ်တင်ပြီးတော့ ထိရောက်စွာ ကာကွယ်မှု မပေးနိုင်ပါဘူး။

သဲအိတ်တွေကို စီပုံစီနည်းတွေကို မရေးပြခင် အရင်ဆုံး သဲထည့်တာက စပြီးတော့ ရေးပြချင်ပါတယ်။ သဲထည့်ဖို့အတွက် ပထမဆုံး ထည့်စရာအိတ်တွေကို ရွေချယ်ရပါမယ်။ သဲထည့်ပြီး သဲအိတ်အဖြစ် အသုံးပြုမယ့် သဲအိတ်ရဲ့ အရွယ်အစားကလဲ အရေးကြီးပါတယ်။ ၁၄လက်မ အဝကျယ်နဲ့ ၂၄ လက်မကနေ ၂၆ လက်မ ရှည်တဲ့ အိတ်ဆိုဒ်က အဆင်အပြေဆုံး သုံးနိုင်တဲ့ ဆိုဒ်ပါပဲ။ ကျန်တဲ့ အိတ်အရွယ်အစားတွေ အသုံးပြုနိုင်ပေမယ့် ဒီအရွယ်အစားက အသင့်အလျှော်ဆုံးပါပဲ။ ကိုင်တွယ် အသုံးပြုရတာကော သဲအလေးချိန် အချိန်တစ်ဆယ်လောက် (၃၅ ကနေ ၄၀ ပေါင်) ထည့်ပြီးတော့ သုံးနိုင်လို့ပါ။ ဒီလောက် အလေးချိန်ဆိုရင် အဆင်ပြေပြေ သယ်ယူစီထားလို့ ရတဲ့ အနေအထားပါ။ မရတော့လဲ ရနိုင်တဲ့အိတ်ကို အဆင်ပြေသလို သုံးနိုင်ပါတယ်။

ပုံ (၁) သဲအိတ်ဖြည့်နည်း အမှန်

သဲအိတ်တွေကို သဲဖြည့်တဲ့အခါမှာ အိတ်တစ်ဝက်လောက်ပဲ ဖြည့်ပြီးတော့ အိတ်အဝနားကနေ ကပ်ပြီးတော့ အိတ်ကို ချည်နှောင်သင့်ပါတယ်။ သဲအိတ်ကို ပြည့်တင်းနေအောင် မဖြည့်ရဘူးဆိုတဲ့ သဘောပါ။ အပြည့်အတင်း ဖြည့်လိုက်ခြင်းအားဖြင့် အလေးချိန်ကြောင့် သယ်ယူရတာ အဆင်မပြေ ဖြစ်နိုင်သလို အဓိကအားဖြင့် တင်းရင်းနေတဲ့ သဲအိတ်တွေကို စီထားခဲ့ရင် သဲအိတ်တစ်ခုနဲ့ တစ်ခုကြားက လစ်လပ်နေတဲ့ နေရာတွေကနေ ရေစိမ့်ဝင်နိုင်လို့ပါပဲ။ ခပ်ပျော့ပျော့ အပြည့်မဖြည့်ထားတဲ့ သဲအိတ်ကို အသုံးပြုခြင်းအားဖြင့် တစ်အိတ်နဲ့တစ်အိတ် စီထပ်တဲ့နေရာမှာ အကြားအလပ်မရှိအောင် စီနိုင်ပြီးတော့ ပိုပြီးတော့ ခိုင်မာကျစ်လစ်တဲ့ သဲအိတ် အကာအကွယ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ပုံ (၂) သဲအိတ်ဖြည့်နည်း အမှားများ

သဲအိတ်စီနည်းတွေထဲမှာ ပထမဆုံး ပြချင်တဲ့ ပုံစံကတော့ တာပုံစီတဲ့နည်းပဲ ဖြစ်ပါတယ်။ စီပုံစီနည်းကို အရင်ရေးပြပြီးမှ သဲအိတ်တွေ စီတဲ့နေရာမှာ လိုက်နာရမှာတွေ ရေးပြပါ့မယ်။ တာပုံစီနည်းကို အင်နဲ့အားနဲ့ တစ်နေရာကနေ စီးဆင်းလာတဲ့ ရေအနေအထားမှာ အသုံးပြုသင့်ပါတယ်။ ဥပမာပြောရင် မြစ်ချောင်းတွေကနေ ရေတိုးလာတဲ့ နေရာမျိုးတွေမှာ ဖြစ်ကမ်းနား ချောင်းကမ်းနားတွေမှာ စီပြီးတော့ ကာကွယ်ရာမှာ သိပ်အသုံးဝင်တဲ့ နည်းဖြစ်ပါတယ်။

ဒါ့အပြင်ရပ်ကွတ်တစ်ခု၊ အိမ်တစ်စု၊ ကယ်ဆယ်ရေး စခန်းတစ်ခုကို ပတ်ပြီးတော့ စီထားပြီး နေရာတစ်ခုကို ရေကြီးတာကနေ ကာကွယ်ပေးဖို့လဲ အသုံးဝင်ပါသေးတယ်။

ပုံ (၃) တာပုံစီနည်း

ဒီလိုသဲအိတ်စီတော့မယ်ဆိုရင် ဖြစ်နိုင်ရင် သဲအိတ်စီမယ့် နေရာတစ်လျှောက်မှာ မြောင်းတစ်ခု အရင်တူးသင့်ပါတယ်။ စီထားတဲ့ သဲအိတ်တွေကို ရေအရှိန်နဲ့ နောက်ပြန်မရွေ့စေဖို့အတွက် ထိန်းချုပ်ထားမယ့် နေရာတစ်ခု ဖန်တီးတဲ့ သဘောဖြစ်ပါတယ်။ သဲအိတ်တွေရဲ့ အောက်ဆုံးအလွှာ မစီခင်မှာ ဒီမြောင်းကို အရင်တူးထားရပါတယ်။ မြောင်းရဲ့ အကျယ်က သဲအိတ်နှစ်အိတ်စာ၊ အနက်က တစ်အိတ်စာဆိုရင် လုံလောက်ပါပြီ။

ရေတိုးတဲ့ဒဏ်ကို ခံနိုင်ရည်ရှိအောင် သဲအိတ်တာရဲ့ လိုချင်တဲ့ အမြင့်ပေါ်လိုက်ပြီး စီမယ့်သဲအိတ်တွေရဲ့ အကျယ်ကို သုံးဆဖြစ်အောင် စီသင့်ပါတယ်။ ဒီစီနည်းက အင်မတန် အသုံးဝင်သော်လည်း သဲအိတ်အရေအတွက် အများကြီးလိုပါတယ်။ ဒါကြောင့်မို့ မိမိလိုအပ်မယ်ထင်တဲ့ အမြင့်ကို ရရှိအောင် သဲအိတ်ဘယ်လောက် စီစဉ်ရမယ်ဆိုတာ အောက်က ပုံသေနည်းနဲ့ ကြိုတင်တွက်ချက် စီစဉ်ထားလို့ရပါတယ်။ တွက်တာကတော့ သဲတစ်အိတ်စာ အကျယ်နဲ့ တွက်ချက်တာပါ။ သဲတစ်အိတ်ကို တစ်ပေလို့ ခန့်မှန်းချေ တွက်ချက်ပါတယ်။

ပုံသေနည်းကတော့
သဲအိတ် အရေအတွက် = (၃ x သဲတာအမြင့်) + (၉ x သဲတာအမြင့် x သဲတာအမြင့်) / ၂

ဥပမာပြောရရင် ၃ ပေမြင့်တဲ့ သဲတာတစ်ခုအတွက် သဲအိတ်တစ်တန်းစာ သဲအိတ်ပေါင်း
= (၃ x ၃) + (၉ x ၃ x ၃) /၂ = ၄၅ အိတ်

ဒါကြောင့်မို့
၁ ပေအမြင့်အတွက် ၆ အိတ်
၂ ပေအမြင့်အတွက် ၂၁ အိတ်
၃ ပေအမြင့်အတွက် ၄၅ အိတ်
၎ ပေအမြင့်အတွက် ၇၈ အိတ်လိုပါမယ်။ ဒါက သဲအိတ်တစ်အိတ်စာ အကျယ်အတွက်ပဲ တွက်ချက်တာရှိပါသေးတယ်။

သဲအိတ်စီမယ့် နေရာရဲ့ အလျားနဲ့ တွက်ချက်ရရင်တော့ ပေတစ်ရာ အလျားရှိတဲ့ တာတစ်ခုအတွက်ဆိုရင် သဲအိတ် အဆတစ်ရာ လိုတာပေါ့။ အဲဒိတော့
၁ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၆၀၀
၂ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၂၁၀၀
၃ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၄၅၀၀
၎ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၇၈၀၀ လိုအပ်ပါမယ်။

သဲအိတ် အလုံအလောက် မရရှိနိုင်တဲ့ ဒေသတွေမှာတော့ သဲအိတ်အခြေ အကျယ်ကို အမြင့်ရဲ့ နှစ်ဆအနေနဲ့လဲ သုံးကြပါသေးတယ်။ ဒီနည်းနဲ့ စီမယ်ဆိုရင်တော့ ပေတစ်ရာ အလျားရှိတဲ့ တာတစ်ခုအတွက်တော့
၁ ပေအမြင့်အတွက် ၆ အိတ်ပေါင်း ၆၀၀
၂ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၁၇၀၀
၃ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၅၅၀၀
၎ပေ အမြင့်အတွက် သဲအိတ်ပေါင်း ၉၀၀၀ လိုအပ်ပါမယ်။

ဆက်ရန်...

Luminox
11.8.2012

No comments:

Post a Comment